မတရားတာကို မတရားဘူးဟု ပြောဆိုရန် တာဝန်ရှိသကဲ့သို့ အဲဒီမတရားမှုများ ထပ်မံ မဖြစ်ပွား၊ (ကြိုတင်ကြံစည်) မပြုလုပ်ခင် ပြောဆိုတားဆီး တိုက်ဖျက်ရန်လည်း တာဝန်ရှိပါတယ်

သမီးသိချင်တာ တခုမေးချင်လို့ အခုထိ ဘာလို့ ဒီမိုကရေစီမရသေးတာလဲတဲ့

September 28, 2010

19 July နယ်စပ်အခမ်းအနားတရပ်မှာ စီစဉ်သူတွေက လူငယ်တွေရဲ့အသံကို ပိုကြားချင်တယ်ဆိုတဲ့ အင်မတန်ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ခေါင်းဆောင်တွေမှ အာဇာနည်ပုဂ္ဂိုလ်တွေ ကျဆုံးခဲ့ပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကျဖို့ တိုက်တွန်းကာ ဆွေးနွေးဖလှယ်ပေးသွားပါတယ်။ ပြီးတော့ လူငယ်တွေရဲ့အသံကို ဖတ်ခေါ်ရာမှာ သတိထားမိ အားတက်စရာတခု ဖြစ်ခဲ့ပါတယ်။

တက်ရောက်လာတဲ့အခမ်းအနားမှာ အသက်အရွယ်အရ အငယ်ဆုံး၊ (၈) တန်းကျောင်းသူလေးတစ်ယောက်က အရွယ်နဲ့မလိုက်အောင် စဉ်းစားမိ တွေးတောမိတဲ့ ခံစားချက်မေးခွန်းလေးကို ထမေးပါတယ်။ သမီးက ဒီလို အခမ်းအနားမျိုးကို လေးကြိမ်လောက် တက်ခဲ့ပြီးပါပြီ သိချင်တာလေးတခုလောက် ဒီဘက်နယ်စပ်မှာ အဖွဲ့အစည်းပေါင်းများစွာရှိပြီး နိုင်ငံအတွက် လုပ်နေကြတာ ဘာကြောင့် အခုထိ ဒီမိုကရေစီ မရသေးတာလဲတဲ့။ ပြောလိုက်တဲ့အခိုက် အခမ်းအနားမှာ ခဏတာ တိတ်ဆိတ်သွားပြီး အားလုံး လက်ခုတ်လက်ဝါးတီး အားပေးခဲ့ကြပါတယ်။


ကျေနပ်စရာကောင်းတဲ့ လူကြီးတွေရဲ့ ရှင်းပြမှုက ကိုယ်နိုင်တဲ့အပိုင်းက ၀ိုင်းလုပ်နေကြပေမယ့် အဓိကကတော့ စည်းလုံးညီညွတ်မှုမရှိလိုပါတဲ့။ လက်တွေ ဖြစ်ပျက်နေမှုတွေကလည်း ညီညွတ်မှု မလုံလောက်လို့ ထင်သလောက် အောင်မြင်မှုမရ ဖြစ်နေတာ ပေါ်လွင်နေပါတယ်။ တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေက တတ်နိုင်သလောက် ကိုယ့်အဖွဲ့အစည်းရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရင်း တပြိုင်နက်တည်း ညီညွတ်မှုကို တည်ဆောက်နေကြပါတယ်။ နအဖရဲ့ သွေးခွဲသပ်လျှိုမှုတွေကြားက အထူးသဖြင့် ခေါင်းဆောင်တဦးချင်ဆီ ပစ်မှတ်ထား လက်စဖျောက် လုပ်ကြံသတ်ဖြတ်ရန် အကောင်အထည်ဖော်မှုတွေကြားကနေ အင်္ဂလိပ်အက္ခရာတွေဖြစ်တဲ့ A ကနေ Z အထိ မလွတ်တဲ့ အဖွဲ့အစည်းပေါင်းများစွာမှ ခေါင်းဆောင်များဟာ ဦးတည်ချက်တခုကို အားလုံးတူညီရာစု ၀ိုင်းဝန်းလက်တွဲလုပ်ဆောင်နေပါတယ်။

နိုင်ငံရဲ့ တနေ့ထက်တနေ့ ဆိုးရွားလာတဲ့ မြင်ကွင်းတွေ၊ ကိုယ်မကျွမ်းကျင်တဲ့အလုပ်တွေကို အမိန့်ပေး လူနဲ့ နေရာမမှန်မှုကြောင့် ယိုယွင်းလာတဲ့ နိုင်ငံအခြအနေ၊ စိတ်ထင်ရာ ပါးစပ်ကထွက်တာနဲ့ ဥပဒေဖြစ်မှုတွေ၊ အဆိုးဆုံးက အနာဂါတ်မျိုးဆက်သစ်တွေရဲ့ အသိဥာဏ်တွေကို အမှောင်ချ လူညွှန်တုန်းအောင် စနစ်တကျ လုပ်ကြံဖန်တီးဖျက်ဆီးမှုတွေပါပဲ။ ဒါတွေ အမြန်တိုးတက်ပြောင်းလဲအောင် အထက်မှာပြောသလို ဒီမိုကရေစီဘက်တော်သားတွေက အချင်းချင်း ညီညွတ်မှုကို အရှိန်တိုးမြှင့် တည်ဆောက်ရမှာပါ။

အခုအချိန်မှာ အာဏာကို ဆက်လက်ချုပ်ကိုင်နိုင်ဖို့ (တနည်း လူသတ်လိုင်စင်) ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေတဲ့ကာလ နိုင်ငံရဲ့ အရေးကြီးအရင်လိုနေချိန်မှာ ကျနော်တို့အားလုံးဟာ ဦးတည်ချက်တခုကို အာရုံစိုက် အချင်းချင်း အပြုသဘောဆောင်စိတ်ကို လမ်းဖွင့်ထားဖို့ပါ။
ဖျေက်ဖျက်မရတဲ့ သမိုင်းတွေကို အသိအမှတ်ပြု လေးစားပေမယ့် နိုင်ငံအခြေအနေအရ -
အရင်က အရေးအခင်းတွေ တိုက်ပွဲတွေကြားမှာ ငါဘာတွေ လုပ်ခဲ့တယ်၊ စွမ်းဆောင်ခဲ့တယ်ဆိုတာတွေ
စိတ်ရောလူပါ သုံးမရအောင် ဖျက်ဆီးနေတဲ့ထောင်ထဲမှာ ဘယ်လိုတွေ ဒုက္ခခံ ရုန်းကန်ခဲ့ရတာတွေ
လှုပ်ရှားရခက်တဲ့ ပြည်တွင်းမှာ ဘယ်ပုံဘယ်နည်း လုပ်ဆောင်ခဲ့ စွမ်းဆောင်ခဲ့မှုတွေ
ပြည်ပမှာ ဘယ်လိုတွေ ရသလောက် လုပ်ခဲ့တယ် ၀ိုင်းကူနေတယ်ဆိုတာတွေ
မိမိတို့ ဘာပညာရပ်တွေ တတ်မြောက်ကျွမ်းကျင်ထားတယ်ဆိုတာတွေစသည့်ဖြင့် ပြောမနေကြတော့ဘဲ မနက်ဖြန် ငါ့နိုင်ငံအတွက် ငါဘာတွေ လုပ်ပေးနိုင်သလဲဘဲ ပြောဆိုကြဖို့ပါ။ ဒီအချက်နဲ့ဘဲ ပြည်တွင်းနဲ့ပြည်ပ အမြင်မတူမှုတွေ၊ အခြေအနေမတူတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တရားမျှတမှုကို လိုလားကြတဲ့ အစိုးရအမှုထမ်းတွေ၊ လတ်တလောစားဝတ်နေရေး ကြပ်တည်းမှုအရ အာဏာရှင်ရဲ့ လက်ကိုင်တုတ်ဘ၀ ကျရောက်နေသူတွေ တပ်မတော်သားတွေ စသည်ဖြင့် နိုင်ငံချစ်စိတ်ရှိတဲ့သူတိုင်းနဲ့ အပြုသဘောဆောင် စိတ်ရှည်ရှည်ထား နားလည်မှုပေး ညီညွတ်စွာ လက်တွဲဆောင်ရွက်ရမှာပါ။

မိမိဘ၀ကို မိမိကိုယ်တိုင် ကျေနပ်နိုင်ဖို့နဲ့ မိမိရဲ့ဘေးပတ်ဝန်းကျင် သာယာချမ်းမြေ့အောင် နိုင်ငံရဲ့ အရေးကြီးပြီး အရင်လိုနေတာကို ဦးစားပေးပြီး မနက်ဖြန် ငါ့နိုင်ငံအတွက် ငါဘာတွေ ထိရောက်ပြောင်းလဲအောင် လုပ်ပေးနိုင်သလဲဆိုတဲ့ မှုကို ဆုပ်ကိုင်ပြီး ကိုယ့်အလှည့်မှာ ဘယ်လောက် တာဝန်ကျေမလဲဆိုတာကို စဉ်းစားမိရင်း . . .

0 comments: