(၁)
ဟိုး- လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ
ဘီစီငါးရာ၊ ခေတ်ကာလက
ဘုရင်မင်းမြတ်ရှေ့မှာ
စစ်ရေးစွမ်းရည် ပြသတဲ့အခါ
နန်းတွင်းသူတွေကို ရွေးချယ်
ခေါင်းဆောင်နှစ်ယောက်ခန့်ပြီး
သူတို့ရဲ့ အမိန့်တွေကို
နောက်လိုက်တွေက
မနာခံလေတော့
ဒါဟာ- ခေါင်းဆောင်တွေ
အသုးံ မကျညံ့ဖျင်းမှုလို့
သတ်မှတ်ရင်း
ခေါင်းတွေကို
ဓားနဲ့ပိုင်းချခဲ့တဲ့
စစ်မဟာဗျူဟာ ပညာရှင်ကြီး ဆန်ဇူးရယ်။
(၂)
"စစ်ပွဲဆိုတာ
သေရေးရှင်ရေးကိစ္စ၊
တိုင်းရေးပြည်ရေးဆိုတာ
လေးလေးနက်နက်
သဘောထားရတဲ့ ကိစ္စ" ဆိုတာကို
ရန်သူနဲ့ တိုက်ရင် တွေကြ၊ ဝေကြ
ကိုယ့်အချင်းချင်းတွေကျတော့ ခွပ်ကြ၊ ဟတ်ကြ
ပြိုင်ကြဆိုင်ကြ၊ ဖြုတ်ကြဆဲကြ
ရှေ့ကသွားရင်၊ နောက်ကဆွဲကြ
ရှေ့ကထိုင်ရင်၊ နောက်ကခုန်ကြ
နောက်ကသွားရင်၊ ရှေ့ကတွန်းချနဲ့
ဝိုင်းကြီးပတ်ပတ်ဒူဝေေ၀
ကစားနေကြသူများကို
လာရောက်ပြောကြားပေးလှည့်ပါ။
(၃)
'ကိုယ်တိုက်နိုင်ရင်
မတိုက်နိုင်ဘူးလို့
ရန်သူကထင်အောင်၊
ကိုယ့်အင်အားအမှန်ကို
ရန်သူမမြင်အောင်၊
ကိုယ်ကနီးနေရင်
ဝေးနေတယ်လို့
ရန်သူတွေးအောင်၊
ကိုယ်ကဝေးနေရင်
နီးနေတယ်လို
ရန်သူတွက်အောင်၊
စနစ်တကျ
လုပ်ယူရတဲ့
လှည့်စားနည်းတွေ"ကိုလဲ
ဒီနေ့တိုက်မယ်တကဲကဲ
နောက်နေ့တိုက်မယ်တကဲကဲနဲ့
စတိတ်မင့်တွေ
ပလူပျံအောင်ထုတ်ပြီး
ရန်သူကို စိန်ခေါ်၊
ကိုယ့်အင်အားစာရင်းကို
အင်တာနက်ပေါ်တင်၊
လှုပ်ရှားမှုမှန်သမျှ
ဓာတ်ပုံရိုက်ဖြန့်ဝေကြပါလို့
သတင်းပေးတပိုင်း
ဖြစ်နေသူတွေကို
ထောက်ပြပြောကြားပေးလှည့်ပါ။
(၄)
"ရန်သူမထင်မှတ်ချိန်မှာ
ပေါ်ထွက်
ရန်သူမပြင်ဆင်ချိန်မှာ
တိုက်ခိုက်၊
ကိုယ့်ဘက်က
စနစ်တကျ ပြင်ဆင်ရမယ့်
တိုက်ပွဲဝင်နည်းဗျူဟာတွေ" ကိုလဲ
ရန်သူဘက်က
ပြင်ဆင်စောင့်ဆိုင်းနေတတ်တဲ့
နိုင်ငံရေးအချိန်အခါသမယမှာမှ
ရာသီပေါ်သီးနှံရောင်းသလို
ကောက်ခါငင်ခါ
လှုပ်ရှားပြတတ်သူတွေကို
သင်ကြားလမ်းပြပေးလှည့်ပါ။
(၅)
"ဘယ်အချိန်မှာတိုက်ပြီး
ဘယ်အချိန်မှာ မတိုက်ရဘူးဆိုတာ
ခွဲခြားသိတဲ့သူတွေနဲ့၊
ရန်သူအငိုက်မိချိန်ကို
စောင့်စားရင်း
ကိုယ့်ဘက်က
ပြင်ဆင်ထားတတ်သူတွေသာ
အောင်ပွဲရနိုင်ကြောင်း " ကိုလဲ
တိုက်ရမယ့်အချိန်မှာ
စကားလုံးလေးတွေနဲ့ ကပ်ရှုပ်
လူတွေကို မရေမရာပြော၊
မတိုက်ရမယ့်အချိန်ကျမှ
ထိုင်မရ၊ ထမရ
ခုန်ဆွဆွ လုပ်ရင်း
သူခိုးပြေးမှ
ထိုးကွင်းထနေသူတွေကို
လက်တို့ ပြောကြားပေးလှည့်ပါ။
(၆)
"ကိုယ့်ကိုကိုယ်လဲ သိရမယ်၊
ရန်သူကိုလဲ သိရမယ်၊
ကိုယ့်ကိုကိုယ်သိပြီး
ရန်သူကို မသိရင်
ရသမျှအောင်ပွဲနဲ့အတူ
အရှုံးတွေလဲ တွဲပါတတ်တယ်၊
ကိုယ့်ကိုကိုယ်လဲမသိ
ရန်သူကိုလဲ မသိရင်တော့
အရှုံးကြီးရှုံးတတ်တယ် " ဆိုတာကို
ကိုယ့်အားသာချက်
ဆီးစေ့လောက်ကို
မြင်းမိုရ်တောင်ထင်ရင်း
သူများထောက်ပြတဲ့
အားနည်းချက်တွေကို
လျစ်လျူရှု၊
ထောက်ပြသူကို
ဝိုင်းဆိတ်ထိုးဆွကြရင်း
ရန်သူရဲ့
သဘောသဘာဝကိုတောင်
အကဲမဖြတ်တတ်သူတွေကို
ရှင်းလင်းပြောကြားပေးလှည့်ပါ။
(၇)
"ရန်သူ့ထံမှာကိုယ့်ရဲ့ နားမျက်စိတွေ ၀ှက်၊
ရလာတဲ့ သတင်း အစလေးတွေကို စုစည်း
ရန်သူ့ခြေလှမ်းကို သိအောင်လုပ်ရမယ်၊
ကိုယ့်ဗျူဟာကိုပြင်ဆင်ညှိနှိုင်းရမယ် "
ဆိုတာတွေကို
သတင်းအစအနလေးရရုံနဲ့
မဟာဗျူဟာသတင်းလား၊
နည်းဗျူဟာသတင်းလား၊
လူအများကို ချပြရမယ့်သတင်းလား ဆိုတာတွေ
မသဲမကွဲနဲ့
ငါသိတယ်၊ ငါတွေ့တယ်ဟေ့ဆိုပြီး
တူတူပုန်းတမ်းကစားသလို
ခုန်ပေါက်အော်ဟစ်နေသူတွေကို
ထောက်ပြပြောကြားပေးလှည့်ပါ။
(၈)
ဆန်ဇူးရယ်-
သင့်ကို အလိုရှိပါတယ်၊
ပညာလက်နက်ကို
ဘယ်ဘက်မှာကိုင်၊
ဓားတလက်ကို
ညာလက်မှာကိုင်ပြီး
၂၀၁၀ကို
ခဏပြန်လာပေးလှည့်ပါ။
ခင်မမမျိုး (၂၀၁၀)
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment