လူ့လောကကြီးမှာ တရားမျှတမှုနဲ့ မတရားမှု နှစ်ခုကြားမှာ မွေးဖွားလာခဲ့သူတွေဟာ ခေတ်ကာ လကိုလိုက်ပြီး ခေတ်ရဲ့ လိုအပ်ချက်အရ လိုက်ပါဆောင်ရွက်ရပါတယ်။
တန်းတူညီမျှမှုရှိ တရားမျှတမှုရှိတဲ့ လူဘောင်အဖွဲ့အစည်းမှာဆိုရင် ရရှိထားတဲ့ ရပိုင်ခွင့်အခွင့်အရေးတွေ မဆုံးရှုံးသွားအောင် ထိန်းသိမ်း စောင့်ရှောက်ဖို့ သမိုင်းပေးတာဝန်အရ တာဝန်ခံ တာဝန်ယူဖို့ လိုပါတယ်။ ထို့အတူပဲ တန်းတူညီမျှမှုမရှိ မတရားတဲ့စနစ်အောက်မှာဆိုရင် တရားမျှတမှုရှိအောင် ဆောင်ရွက်ရန် တိုက်ပွဲဝင် ဆန့်ကျင်တိုက်ဖျက်ဖို့ သမိုင်းပေးတာဝန်အရလည်း တာဝန်ရှိနေပြန်ပါတယ်။
သမိုင်းပေးတာဝန်ဆိုတာ မယူချင်ပဲ နေလို့မရဘူးဆိုတော့လည်း ရပါတယ်။ ဒါပေမယ့် လူသားဆန်တဲ့ တာဝန်သိစိတ်၊ ကြင်နာတတ်၊ နား လည်ခံစားတတ်တယ် တနည်း တရိစ္ဆာန်တွေနဲ့ ကွာခြားတဲ့အချက် မြင့်မားတဲ့စိတ်ဓါတ် တန်ဖိုးရှိတဲ့ လူစင်စစ်တွေအတွက်တော့ သမိုင်း ပေးတာဝန်ဆိုတာကို ငြင်းပယ်မယ့်သူမရှိပါဘူး။
ယနေ့ခေတ်မှာတော့ ကိုယ့်တိုင်းပြည် ငြိမ်းချမ်းသာယာဖို့အတွက်ရော ကမ္ဘာ့လူထုနဲ့လည်း သဟဇတ ဖြစ်စေဖို့လည်း အဆင်ပြေတယ် နောင်အနာဂါတ် မျိုးဆက် လူဘောင် အထိပါ အကောင်းဆုံးဖြစ်မယ့် တန်းတူညီမျှမှု တရားမျှ တမှုရှိတဲ့ ဒီမိုကရေစီကျင့်စဉ်ကို ကျင့်သုံး အကောင်အထည်ဖော်နိုင်ဖို့ သမိုင်း ပေးတာဝန်အရ တိုင်းပြည်အသီးသီး က နိုင်ငံသားတိုင်းမှာ တာဝန်ရှိလာ ပါတယ်။
မြန်မာပြည်မှာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေတစုက လွှမ်းမိုးချယ်လှယ် ဖိနှိပ်အုပ်ချုပ်နေပါတယ်။ အဲဒီတော့ မြန်မာပြည်သားတိုင်းဟာ ဒီစစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီး ဒီမိုကရေစီစနစ် ထွန်းကားလာဖို့ သမိုင်းပေးတာဝန်အရ မလုပ်မဖြစ် လုပ်ကြရပါလိမ့်မယ်။ ဒီခေတ် မှာ မွေးဖွားလာတဲ့ လူတွေက ကိုယ်ဖြစ်ချင်တာ ကိုယ်စိတ်ဝင်စားတာ ၀ါသနာပါတာ လုပ်ခွင့်မရှိတော့ဘူးလား ဆိုတော့လည်း လုပ်ခွင့် ရှိပါတယ်။ ဒါပေမယ့် ဘာပဲလုပ်လုပ် အများအတွက်ရော ကိုယ်စိတ်ဝင်စားတာ ၀ါသနာပါတာ ကိုယ့်တဦးတစ်ယောက်တည်း အတွက်ပဲ လုပ်လုပ် ဒီစစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ လွတ်မြောက်ဖို့ကိုပဲ ဦးတည်ရပါလိမ့်မယ်။
မိတ်ဆွေတဦး ပြောဖူးပါတယ် ငါ့ဝါသနာပါတဲ့ ဆေးကျောင်းတက်တာ ၇ နှစ်ပြည့်ပြီ ကျောင်းဆင်းပြီးမှ ငါနိုင်ငံရေး လုပ်ရမှာလားတဲ့။ နိုင်ငံရေးဆိုတာကို စိတ်မ၀င်စားဘူး ရပ်ကွက်ထဲက သူကြီးမသုံးမကျတာ မတရားလုပ်နေတာတော့ သိတယ်။ ဒီတော့ငါဘာလုပ်ရမလဲတဲ့။ ဒီစစ်အာဏာရှင်စနစ်အောက်မှာလည်း အသိပညာရှင်၊ အတတ်ပညာရှင်တွေမှာ ငွေကြေးတွေ ရင်းနှီးမြှုပ်နှံ ဘ၀တွေ အချိန်တွေ ပေးဆပ် ခဲ့ရပါတယ်။ သူတို့တတ်မြောက်ထားတဲ့ပညာတွေ တိုင်းပြည် တိုးတက်ပြောင်းလဲအောင် လိုအပ်နေ အသုံးချရမှာပါ။

ဥပမာ-ဆေးရုံ၊ ဆေးခန်းကို ရောက်လာသမျှ လူနာတိုင်းကို ဆရာဝန်က လူသားတစ်ယောက်လို ဆက်ဆံပြီး ဆေးကုသ ပေးသလိုပဲ။ နအဖစစ်ဗိုလ်ချုပ်တွေပဲဖြစ်ဖြစ် နအဖလက်ကိုင်တုတ်တွေ နှိပ်စက်ညင်းပန်းသမျှ လူနာတိုင်းကိုလည်း တန်းတူထား ကုသပေးရင်း တပြိုင် နက်တည်း တရားမျှတမှုအတွက် အမှန်တရားဘက်က ရပ်တည်ရပါလိမ့်မယ်။ ကိုယ်ရပ်တည်ခွင့်ကို မထိခိုက်နိုင်တဲ့ ရှိသမျှနည်းလမ်းတွေ တီထွင်ကြံဆံပြီး လူနာတွေနဲ့ ဆက်ဆံရင်း ဒီမိုကရေစီစနစ် ထွန်းကားပြန့်ပွားအောင် တဖက်တလမ်းကနေ တိုက်တွန်း နှိုးဆော် ဖြောင်းဖျ စည်းရုံးလို့ ရပါတယ်။ ပညာရှင်တွေမှာလည်း ဘောင်ထဲက လုပ်နိုင်တဲ့ နည်းလမ်းတွေ များစွာရှိပါတယ်။
ယနေ့ခေတ်ရဲ့ တောင်းဆိုချက်အရရော မြန်မာပြည်သူပြည်သားတွေဟာ ဘာပဲလုပ်လုပ် အားလုံးဟာ လွတ်မြောက်ဖို့ကို ဦးတည်ပြီး တိုင်း ပြည်မှာ ဆင်းရဲကြပ်တည်းမှုတွေ လျော့နည်းပပျောက် တိုးတက်ပြောင်းလဲအောင်၊ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေ ပြေလည် ငြိမ်းချမ်းဖို့ ကမ္ဘာ့တိုးတက်တဲ့ တိုင်းပြည်တွေနဲ့ နောက်ကောက်ကျနေမှုကနေ အမီလိုက်နိုင်ဖို့ မိမိတို့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ နအဖစစ် အာဏာရှင် ဗိုလ်ချုပ်တစုရော လက်ကိုင်တုတ်တွေ ပြုမှုနေတဲ့အပေါ်မှာရော ခွင့်မလွှတ်နိုင်လောက်တဲ့ မကြေလည်ချက် မကျေနပ်ချက် တွေ ဆိုးရွားလွန်းတဲ့ ခံစားချက်ပေါင်းစုံကို ဒီစနစ်ဆိုး တိုက်ဖျက်ရာမှာ စိတ်ဓါတ်ခွန်အား စွမ်းအင်ကြီးတခုအဖြစ် ပြောင်းလဲဖန်းတီးပြီး တတိုင်းပြည်လုံး အေးချမ်းသာယာမယ့် ဒီမိုကရေစီကျင့်စဉ်ကို ကျင့်သုံး အကောင်အထည်ဖော်နိုင်ဖို့ အရှိန်အဟုန်နဲ့ အဆုံးတိုင်ထိ သမိုင်း ပေးတာဝန်အရ ဆန့်ကျင်အံတု တိုက်ပွဲဝင် ရပါလိမ့်မယ်။ မလုပ်ချင်လည်း လုပ်ရလိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တတွေဟာ ခေတ်အဆက်ဆက်မှာ အမှန်တရား တရားမျှတမှုအတွက်ဆို မြတ်နိုးခဲ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ မြန်မာပြည်သားတွေ ဖြစ်နေလို့ပါပဲ။ (Sunday, June 20, 2010)

Subscribe to:
Post Comments (Atom)

0 comments:
Post a Comment