မတရားတာကို မတရားဘူးဟု ပြောဆိုရန် တာဝန်ရှိသကဲ့သို့ အဲဒီမတရားမှုများ ထပ်မံ မဖြစ်ပွား၊ (ကြိုတင်ကြံစည်) မပြုလုပ်ခင် ပြောဆိုတားဆီး တိုက်ဖျက်ရန်လည်း တာဝန်ရှိပါတယ်

စကားလုံးအားဖြင့် ဒီမိုကရေစီ

July 03, 2010

အများသဘောတူ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ကို သဘောမတူတဲ့ အနည်းက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်တာက ဒီမိုကရေစီ ကျင့်စဉ်နဲ့ မကိုက်ညီဘူးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)အပေါ် မှတ်ချက်ပြု ပြောလိုက်တဲ့စကားလေးပါ။
ဒီမိုကရေစီကျင့်စဉ်နဲ့ ပတ်သက်ပြီး ပြောလိုက်တဲ့ စကားလေးက ရက်ကွက်လေးထဲ ကျင်လည်နေတဲ့ ကျနော်တို့လို သာမန်ပြည်သူတွေ အတွက် နိုင်ငံရေးသိပ္ပံကို နားလည် လိုက်သလိုပဲ။ တိုးချဲ့စဉ်းစားလိုက်ရင် လေးနက်မှု အတွေးအခေါ်တွေ ပိုလိုထက်မြက်နေ ပေါ်လွင်နေ ပါတယ်။ ယနေ့ ခေတ်စားနေတဲ့ စကားလုံးအားဖြင့် ဒီမိုကရေစီ အနှစ်ချုပ်အားဖြင့် အများစုဆန္ဒကို လိုက်နာ အကောင်အထည်ဖော် အနည်းစုဆန္ဒကို လေးစား(လမ်းဖွင့်ပေးထားပါ)။ ကမ္ဘာ့ဖွံဖြိုးတိုးတက်မှုနဲ့အတူ ဖြစ်ပျက်နေတဲ့ ပဋိပက္ခ၊ ပြဿနာ ပေါင်းများစွာကို ငြိမ်း ချမ်းစွာ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ရာမှာ ဒီမိုကရေစီနည်းကျ ကျင့်သုံးမှုဟာ ဆုံးရှုံး လျော့နည်း သက်သာမှု အနည်းဆုံး အကောင်းဆုံး နည်းလမ်းလေးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ထက်ကောင်းတဲ့ နည်းတွေ မပေါ်သေးလို့ပါ။ ဘာနဲ့အလားသဏ္ဍာန် တူလည်းဆိုတော့ ရွာတရွာမှာ ကာလသားတွေ အားလုံးက အလှဆုံးလို့ သတ်မှတ်ထားတဲ့ နှုတ်ခမ်းကွဲ ခြေထောက်ဆွာနေတဲ့ သမီးပျိုလေးလိုပါပဲ။ ဒီရွာမှာ သူကလွဲပြီး ကာလသားတွေအတွက် ရွေးချယ်စရာ ဘယ်သူမှ မရှိလို့ပါ။
ဒီမိုကရေစီကျင့်စဉ် ကျင့်သုံးတဲ့ နိုင်ငံတိုင်းက ဖွံ့ဖြိုးတိုးတက်တယ်လို့ မဆိုနိုင်ပေမယ့် မြင်သာ ထင်တာရှိတဲ့ တခုကတော့ သူတို့နိုင်ငံက လူတွေနဲ့ ပြောဆိုဆက်ဆံ အတူလက်တွဲ ဆောင်ရွက်ရာမှာ အများအားဖြင့် အဆင်ပြေပါတယ်။ ဒါလည်းလူသားတစ်ဦးမှာ ရှိသင့် ရထိုက် တဲ့ လူအခွင့်အရေး လေးစားလိုက်နာမှုအပေါ် အခြေခံ ဆက်ဆံတယ်လို့ ပြောလို့လည်း ရပါတယ်။
မြန်မာပြည်ရဲ့ လွတ်လပ်ရေးရပြီးချိန်ကစပြီး မငြိမ်းနိုင်သေးသည့် ပြည်တွင်းစစ်မီး၊ တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာတဲ့ ဆင်းရဲကြပ်တည်း ခေတ်နောက်ကျခဲမှု၊ နိုင်ငံပြန်လည်ထူထောင် လုပ်ဆောင်ဖို့စတဲ့ များပြားလှတဲ့ ကိစ္စတွေမှာ ဒီမိုကရေစီကျင့်စဉ်ကို ကျင့်သုံး နေထိုင်ပြောင်းလဲအောင် ဆောင်ရွက်ဖို့ မြန်မာနိုင်ငံသားတိုင်းရဲ့ တာဝန်ပါ။ မလုပ်ချင်လည်း လုပ်ရမယ် ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံသား ဖြစ်နေလို့ပါ။ ဒီအချက်က အငြင်းပွားဖွယ်မရှိ ဘယ်သူမဆို နောင်လာမယ့် ကိုယ်ရဲ့ မျိုးဆက်သစ်တွေအပေါ် ကိုယ့်ခေတ်ကထက် အဆင် ပြေစေချင် အကောင်းဆုံးဖြစ်စေချင်တဲ့ လူသားဆန် ကြင်နာတတ်တဲ့ နှလုံးသားရှိလို့ပါ။
ဒီအလေ့အထ ဒီမိုကရေစီကျင့်စဉ်ကို ကိုယ့်မိသားစု၊ သူငယ်ချင်းတစု ရက်ကွက်ကလေးကနေစပြီး နောက်ဆုံး နိုင်ငံတော်အဆင့်အထိ တဖြည်းဖြည်းနဲ့ ပြန့်ပွားတိုးတက်လာအောင် စတင့်ကျင့်သုံးလို့ရပါတယ်။ ဥပမာ-အောက်ခြေအဆင့် သင်းတန်းတခုတွင်း ကျင်းသုံးမှု တနေ့မှာ ဆရာက သင်းတန်းပိုချရင်း အားလပ်ရက်လေးမှာ မုန့်လုပ်စားဖို့ အကြံပေးတယ်။ ဒီလိုနဲ့ ကိုယ် စားချင်တာ ပြောလိုက်ကြ ဆိုလိုက်ကြနဲ့ များပြားလိုက်တဲ့ ဆန္ဒတွေ။ ဒါတွေထဲက အားလုံး ၀ိုင်းစဉ်းစားကြ အများစု ဆန္ဒ စားချင်တဲ့ မုန့်ဟင်းခါး ချက်စားဖို့ ဆုံးဖြတ် ကြတယ်။ အနည်းစုထဲက မုန့်ဟင်းခါး သိပ်မကြိုက်ကြီးတော့ မဟုတ်တာရယ် လုံးဝမကြိုက်တာလည်းပါတယ်။ သူတို့ဆန္ဒတွေကို လေးစား လမ်းဖွင့်ပေးတဲ့အနေနဲ့ နောက်တကြိမ် ချက်စားမယ်ဆိုရင် သူတို့တွေ ပြောတဲ့အထဲက အုန်းနိုခေါက်ဆွဲလုပ်စားဖို့ အားလုံးပါဝင် ဆုံးဖြတ်ခဲ့သလို့ မုန့်ဟင်းခါး လုံးဝမကြိုက်တဲ့ တချို့ကိုတော့ မုန့်တခုခု ၀ယ်ပေးဖို့ စီစဉ်ဖြစ်ခဲ့တယ်။ အကုန်လုံး ပါဝင်ဆုံးဖြတ်မှုတွေ ပါဝင် ခဲ့သလို တက်ညီလက်ညီ အကောင်အထည်ဖော်ရင်း ပျော်ရွင်စွာနဲ့ ပြီးဆုံးသွားပါတယ်။ နောက်နေ့ သင်တန်းပြန်စရော ဆရာက မနေ့က မုန့်လုပ်စားတဲ့ ဖြစ်စဉ်တခုလုံးကို ပြန်စဉ်းစား သုံးသပ်ပြီး ချရေးခိုင်းတယ်။ ရလာတဲ့ အချက် အလက်တွေကို စုလိုက်တော့ အများစုဆန္ဒ အရ (မုန့်ဟင်းခါး) လိုက်နာအကောင်အထည်ဖော်ပြီ အနည်းစုဆန္ဒကို လေးစား(လမ်းဖွင့်ပေးထား)တဲ့ အနေနဲ့ နောက်တကြိမ်မှာ (အုန်းနို့ ခေါက်ဆွဲ) ပါဝင်ဆုံးဖြတ်မှုတွေလမ်းဖွင့်ထား နောက်ဆုံးအဆင့် မကြိုက်တဲ့သူတွေအတွက် မုန့်ဟင်းခါးလုပ်စားတဲ့ ငွေမှ မုန့်တခုခုဝယ်ဖို့ ဖဲ့ထုတ်စီစဉ်ပေးခဲတယ်။မိသားစုအဆင့် ဒီမိုကရေစီကျင်စဥ့်လေးနဲ့ သင်တန်းသားတွေ အားလုံး ပျော်ရွှင်စွာ ခင်မင်မှုတိုးတက် စုပေါင်း စိတ်ဓါတ်လေး ပိုလို့ တိုးလာပါတယ်။
အထက်အဆင့် နိုင်ငံ့အရေးအခင်းဆို လတ်တလော NLD မှ ဒီမိုကရေစီနည်းကျ မှတ်ပုံမတင်ဖို့ကို ငြိမ်းချမ်းစွာ သဘောတူ ဆုံးဖြတ် ခဲ့တာပါပဲ။ ဒီမှတ်ပုံတင်ဖို့ဆိုတဲ့အကြောင်း စပြောရရင် ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံမှာကိုက ဒီမိုကရေစီနည်းမကျ ပြည်ထောင်စုဖွား တိုင်းရင်း သားညီအစ်ကို မောင်နှမတွေရဲ့ ဆန္ဒသဘောထား မပါတာကို ပြန်ကောက်ရပါလိမ့်မယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြခံဥပဒေဆိုတဲ့ နိုင်ငံတခုရဲ့ ကျောရိုး အစိုးရနဲ့ပြည်သူ သဘောတူ လိုက်နာစောင့်ထိန်းရမယ့် တာဝန်သတ်မှတ်ရာမှာ ဒီမိုကရေစီနည်းကျ ကျင့်သုံး ဆုံးဖြတ်မှ ရေရှည် ခံသလို မျက်မှောက်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်း အဆုံးသတ်သွားမှာပါ။ အာဏာရဲ့ မူလပိုင်ရှင် ပြည်သူလူထုရဲ့ လိုအင်ဆန္ဒ တွေ အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မှာပါ။ စာအုပ်ထဲမှာ ကောင်းအောင်ရေးပြီး အပြင်မှာ မလုပ်ပေးခဲ့ရင်ဆိုတဲ့ သံသယစိတ် စိုးရိမ်ပူပန် မှုကလည်း ပြည်သူလူထုအနေနဲ့ တွေးမိမှာပဲ။ ဒီအတွက် အကောင်းဆုံး စိတ်သက်သာဖို့က "ငါတို့တွေ အားလုံးက ဒါတွေကို ဒီလို ဖြစ်အောင်လုပ်ချင်တယ်" ဒီပုံစံအတိုင်း အုပ်ချုပ်နိုင်တဲ့သူတွေ ပေးအုပ်ချုပ်ခိုင်း နောက်ပြီး ကျန်တဲ့ အုပ်ချုပ်ချင်တဲ့ သူတွေကိုလည်း "ဒီကောင်တွေ အုပ်ချုပ်တာ ငါတို့ ပြောသလို လုပ်သလား၊ မဟုတ်တာတွေ လုပ်နေလား" ဆိုတာကို လစားပေး စောင့်ကြည့်ခိုင်း။
ဒီမိုကရေစီအသွင်ကူပြောင်းရေးဆိုပြီး ၁၉၉၃ အမျိုးသားညီလာခံက စလိုက်တာ အခုရွေးကောက်ပွဲ ကျင်းပပေးတော့မယ်ဆိုတဲ့ ကာလ အထိ လိုသလို ဒရွတ်တိုက်ဆွဲ ပုံဖော်နေမှုဟာ ပြည်သူလူထုရဲ့ ဆင်းရဲကြပ်တည်းမှု ဆုတ်ယုတ်မှုဟာ ရစရာမရှိ ဖြစ်နေသလို မငြိမ်းနိုင် သေးတဲ့ ပြည်တွင်းစစ်မီးကို ပေါက်ကွဲပြန့်ပွားအောင် အစဖော်ပေးနေပြန်ပါတယ်။ ဒီလို အဖြစ်မျိုးတွေ နောက်ထပ်မဖြစ်အောင် လက်ရှိ ဖြစ်ပျက်နေတာတွေ လျော့နည်းပပျောက် အဆုံးသတ်သွားဖို့နဲ့ အေးချမ်းတည်ငြိမ်မှုကို ဦးတည်တဲ့ ဒီမိုကရေစီ အလေ့အထ ပြန့်ပွား ကျင့်သုံးနိုင်အောင်အပြင် အရေးအကြီးဆုံးဖြစ်တဲ့ နိုင်ငံကို ဖျက်ဆီးပြစ်တဲ့ "မယုံကြည်မှု၊ သံသယ"တွေ ကင်းရှင်းအောင် ဒီမိုကရေစီ ကျင့်စဉ်ကြီးက မြန်မာနိုင်ငံသားတွေရဲ့ ရှေ့မှောက်မှာ ရောက်ရှိကြိုဆိုနေပါပြီ။ (Monday, May 17, 2010)

0 comments: