လူထုအုံကြွမှု တော်လှန်ရေးတရပ် အောင်မြင်ဖို့မှာ လူလတ်တန်းစား (ခေတ်ပညာတတ်၊ စီပွားရေးတစုံတရာ ပြေလည်တဲ့အသိုင်းအ၀ိုင်း) ပါဝင်မှုဟာ အလွန်အရေးကြီးပါတယ်။
အောက်ခြေလူတန်းစားက လတ်တလော ဖြေရှင်းနေရတဲ့ စားဝတ်နေရေးနဲ့ လက်ရှိ နအဖခေတ် အထက်တန်းစားလို့ ခေါ်ရမယ့် မတရား ခေါင်းပုံဖြတ် ကြီးကြီးတက် ချမ်းသာနေကြတဲ့ အများစုကလည်း လက်ရှိ မတည်မြဲနိုင်မှု အခြေအနေလေးကို ကျေနပ်နေကြတဲ့အတွက် လည်း မျှော်လင့်ချက် သိပ်မရှိပါဘူး။ ယနေ့ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲအောင် ကြိုးစားနေတဲ့ ကာလရော ပြောင်းလဲပြီးနောက် အခုထက် ပိုအလုပ်ရှုပ်လာမယ့် တိုင်းပြည်ထူထောင်ရေး ကာလမှာလည်း အဓိက ဒီလူတန်းစားရဲ့ အခန်းကဏ္ဍဟာ အရေးပါလာတယ်။
ဒီလူတန်းစားရဲ့ တော်လှန်ရေး စိတ်ဓါတ် ရေချိန်ကို မျက်ခြေ မပြတ်သင့်ပါဘူး။ ပိုတွက် လျှော့တွက်လို့လည်း မရပါဘူး ဒါမှ ဘက်ပေါင်းစုံ တော်လှန်ရေးရေချိန်ကို တွက်ဆမိပြီး ရှေ့လုပ်ငန်းစဉ်တွေ မဟာဗျူဟာတွေ ချမှတ်ရမှာ အနီးစပ် အထိရောက်ဆုံးဖြစ်မှာပါ။
လက်လှမ်းမိသလောက် ပြောရရင် ၁၉၈၈ အရေးအခင်းတွင် ပြည်သူလူထုရဲ့ ပူပေါင်းပါဝင်မှု အဓိကအားဖြင့် ဦးဆောင်ပါဝင်သူတွေ ပညာ သင်ကြားနေတဲ့ ကျောင်းသား၊သူတွေ၊ ၂၀၀၇ စက်တင်ဘာ အရေးအခင်းတွင် တရားစာပေ ကျမ်းဂန်တွေကို သင်ကြားနေတဲ့ သံဃာ တော်များ၊ ၂၀၀၈ နာဂစ်မုန်းတိုင်းသင့်ဒေသ ကူညီမှုတွေမှာ လုပ်အား၊ ငွေအား ပြေလည် ကူညီနိုင်သူအချို့၊ နအဖမှ စစ်အင်အားတိုးချဲ့မှုရဲ့ အကျိုးဆက် တပ်တွင်းကြီးမားလာတဲ့ သင်တန်းဆင်း အရာရှိဗိုလ်ပေါက်စများထဲမှ တိုင်းပြည်ချစ်စိတ်ရှိနေသူများ၊ အပြောင်းအလဲကို လိုလားနေတဲ့ နိုင်ငံဝန်းထမ်းများ အစရှိသဖြင့် ဒီလူလတ်တန်းစားရဲ့ အင်အား စိတ်ဓါတ် မျှော်လင့်ချက်တွေကို နအဖက တော်တော်လေး လျှော့တွက်နေပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် အခု မေလ ၆ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ လေးလုပ်ခြင်းပါပဲ။ ဒီလို သတင်းစာရှင်းလင်းပွဲ လုပ်ခြင်းအားဖြင့် ပြည်သူလူထုဟာ စစ်အစိုးရရဲ့ စေတေနာကို နားလည်လာမယ် နိုင်ငံတကာကိုလည်း နားလည့် ပါးရိုက်လို့ ရမယ်ပေါ့။ နအဖခေတ် ဗုံးပေါက်ကွဲမှု သက်တမ်းတလျှောက် တဖက်သတ် စွပ်စွဲချက်ပေါင်းများစွာဖြင့် လက်ဆုပ်လက်ကိုင် မပြနိုင်တာကို ပြည်သူလူထုအသိပါ။ အခုလည်း သူတို့ပဲဆိုတာ သိနေတာကို အရင်လို မဖော် ထုတ်နိုင်တာကို ငြိမ်နေရင် တော်ပါသေးတယ်။ အခုဟာက ရဲတပ်ဖွဲ့ရဲ့ နေ့မအား၊ ညမအား လုပ်ဆောင်မှုကြောင့် အကုန်းလုံးကိုခေါ် ပြက်လုံးထုတ် မြန်မာပြည်ရဲ့ ပညာရေးစနစ်ရဲ့ ပုံစံအတိုင်း ဆရာမက ရေးချပေးတဲ့ အက်ဆေးတပုဒ် ကို ပြန်ဖြေ ရွတ်ပြနေတဲ့ ကျောင်းသားလေးပုံစံနဲ့ သတင်းပေါက်ကြား မြန်ဆန် ထိပ်လန့်မှုရဲ့ ထပ်တလဲလဲ တုံပြန်ရည် ညွန်းတဲ့ Gmail, Gtalk ဆိုတဲ့ စကားလုံးတွေ၊ ရသလောက် ဘောင်ထဲကနေ ကပ်ဖဲ့မေးမြန်းကြတဲ့ သတင်းထောက် အမေးတွေကို မဆိုင်တဲ့အကြောင်းအရာ လုံးတုတ်ပြီးပြန်ဖြေ။ တလက်စတည်း အတိုက်အခံအုပ်စု နယ်ခြား မဲဆောက်မြို့ကို ပစ်မှတ်ထား စွပ်စွဲ၊ တခုလုံး ကို ချုံပြီး ၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြားအောင်ဆိုတာနဲ့ နံဂုံးချုပ်သွားပါတယ်။
ပြည်သူလူထုကို အရူးလုပ်ခြင်းအားဖြင့် နဂိုကတည်းကမှ ပြည်သူလူထုရဲ့ မွမ်းကြပ်မှု မကျေနပ်ချက်တွေ မခံချင်စိတ်တွေကို ပေါက်ကွဲ အုံကြွလာမှုတွေကို ဦးတည်စေ အစဖော်ပေးနေသလို ဖြစ်နေတယ်ဆိုတာ မေ့နေကြပါတယ်။ ငါတို့ရဲ့ နှစ်ပေါင်းများစွာ ပုံစံချ ၀ါဒဖြန့်ချီမှု ဟာ မင်းတို့ရဲ့ အသိဥာဏ် စဉ်းစားမှုဘောင် ဒီလောက်နဲ့ပဲ တန်တယ်လိုများ ယုံကြည်နေတုန်းပါပဲဆိုတော ပေါ်လွင်နေပါတယ်။
ဒီနေရာမှာ အမေရိကန်သမ္မတ အေဗရာဟန်လင်ကွန်းပြောတဲ့ စကားတခုလိုပဲ ပြည်သူလူထုဟာ သူတို့နဲ့ ထိုက်တန်တဲ့ အစိုးရကိုသာ ရလေ့ရှိပါတယ်တဲ့။ ဒါကိုများ ဗိုလ်ချုပ်ကြီးတွေ ဦးနှောက်ထဲ စွဲထင်ယုံကြည် နေကြသလားနော်။
----------------------------------------------------------------------------------------------------------
ရဲချုပ်ခင်ရီမှ ရွတ်ပြသွားသာ အတွဲလိုက် ပြက်လုံး
ဗုံးဖေါက်ခွဲသူ တရားခံ
တပ်တွင်းမကျေနပ်သူ၊ အမိန့်အရ ပြုလုပ်သူ
သူရဲ့ ဆရာက
တပ်တွင်း၊ပြင် အပြောင်းအလဲ စားကျက်လု အဝေမတည့်တာကို မကျေနပ်မှု၊ အတက်လူကြီးရဲ့ စီမံကိန်းအရ လျှို့ဝှက် ဖော်ဆောင်ရမှု
အုပ်ထိန်းသူ
ကိုယ့်မကျွမ်းကျင်တဲ့အလုပ်ကို လုပ်ချင်နေတဲ့ ယူနီဖောင်းချွတ် ခေါင်းပေါင်းလဲ တိုက်ပုံဝတ် အာဏာမက်မောသူများ၊ စစ်နည်းဗျူဟာအရ တဖက်လှည့် အကွက်ချ လုပ်ဆောင်မှုနည်းလမ်း
Godfather
၂၀၁၀ ရွေးကောက်ပွဲ အောင်မြင်စွာ အမြန်ပြီးဆုံးသွားဖို့၊ အရင်ကလိုပဲ အာဏာကို ဆက်လက်ချူပ်ကိုင်ထားနိုင်ဖို့။
နောက်ကြောင်းကို ပြန်ကောက်ကြည့်ရင် နောက်ကွယ်က ဘယ်သူဆိုတာ သုံးသပ်နိုင်မှာဖြစ်ပါတယ်
ပုံ ခင်ရီ (Sunday, May 9, 2010 )

Subscribe to:
Post Comments (Atom)

0 comments:
Post a Comment