ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ
ငါ့မျက်လုံးကို
ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်.
ဩော်…
ဒီနေ့
ငါ့မွေးနေ့ပဲလေ…
ငါဘာလုပ်ရင်ကောင်းမလဲ
ငါ့ဘေးနားမှာ ငါ့ကို
ချစ်တဲ့ငါ့ဖေဖေမရှိတော့တာလည်း ကြာပါပြီ.
ငါ့ကို သွန်သင်ဆုံးမပေးတတ်တဲ
ငါ့မေမေမျက်ကွယ်ပြုသွားခဲ့တာလည်း
၁၉ နှစ်တောင် ရှိရော့ပေါ့
ငါ့ကို အနစ်နာခံ
အလိုလိုက်တတ်တဲ့ ငါ့ခင်ပွန်းလည်း မရှိရှာတော့ဘူး
ငါသိပ်ချစ်တဲ့
ငါ့သားနှစ်ယောက်လည်း ငါနဲ့ ဝေးကွာခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး.
ငါ့မွေးနေ့မှာ
ငါ့ရဲ့အရင်းနှီးဆုံးသွေးသားရင်းချာတွေကို ငါ့နားမှာ
ရှိစေချင်လိုက်တာ
ငါလည်း
သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲလေ.
ငါ့စိတ်ဓာတ်ကိုမာကျောတည်ငြိမ်အောင်
ထိန်းကျောင်းပြုပြင်ခဲ့ပေမယ့်လည်း
အခွင့်သာရင်တော့
ငါ့သားလေးနှစ်ယောက်ကို
ငါ့နားမှာ ရှိစေချင်လိုက်တာ.
အမေ့ရင်တွေနာလိုက်တာ သားတို့ရယ်…
ဘယ်တော့များမှ
အခွင့်သာမှာလည်းဟင်…
တကယ်တော့ ဒီလိုနေ့မျိုးဟာ လူတစ်ယောက်အတွက်
အထိမ်းအမှတ်နေ့တစ်ခုပါ.
လူတိုင်းဟာ သူတို့မွေးနေ့ကို တန်ဖိုးထားအမှတ်ရနေပြီး
အထူးတလည်ကျင်းပတတ်ကြတာပဲ
ငါလည်း ငါ့မွေးနေ့ပေါင်းများစွာကို
ကျင်းပခဲ့ဖူးတာပေါ့.
အိန္ဒိယမှာ ငါချစ်တဲ့ ငါ့မေမေနဲ့အတူတူ
အောက်စဖို့မှာ
ငါချစ်တဲ့ ငါ့သူငယ်ချင်းတွေနဲ့အတူတူ
အမေရိကန်မှာ ငါ့ရဲ့ ချစ်သူငယ်ချင်း
မသန်းအိတို့နဲ့အတူတူ
ဘူတန်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ
အင်္ဂလန်မှာ
ငါချစ်တဲ့ ငါ့မိသားစုနဲ့အတူတူ
အို….
ငါသိပ်လွမ်းတယ်သိလား…
ဒါတွေကို
မဖြစ်နိုင်ပေမယ့်လည်း ငါတမ်းတမိနေတာ ၀န်ခံပါရစေ…
ငါ့ရဲ့ဘ၀ဟာ စိန်ခေါ်မှုတွေနဲ့
ပြည့်လျှမ်းခဲ့တာပါ.
ငါ့ကိုမွေးပြီး နှစ်နှစ်အကြာမှာပဲ ငါသိပ်ချစ်တဲ့ ငါ့ဖေဖေကို
မလိုသူတွေက
လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်.
အဲဒီ့နေ့က ရုံးကားကြီးတစ်စင်း
အိမ်ရှေ့ကို ထိုးရပ်လာလို့
မေမေ့ကို လူတစ်ယောက်က အပြေးလာခေါ်လို့
မေမေ
ဆံပင်ဖရိုဖရဲနဲ့ ပြေးလိုက်သွားလို့
ငါ့နဲ့ ငါ့အစ်ကိုတွေကို
အိမ်မှာထားခဲ့လို့
အိမ်မှာ လူတွေများလာလို့
အို…
ဘာတွေမှန်းတော့
ငါမသိခဲ့ဘူး
ငါ့ကို ထွေးဖက်ထားတဲ့ ငါတို့အိမ်ဖော်မကြီးမှာလည်း
မျက်ရည်တွေဝဲနေလို့ပါလား
ငါဘာမှနားမလည်ခဲ့ဘူး
အဲဒီ့နေ့က ငါတစ်ခုကိုတော့
မှတ်မိနေတယ်.
ညနေခင်းပြန်လာရင် ငါ့ကို အမြဲနမ်းရှုပ်ကျီစယ်တတ်တဲ့
ငါချစ်တဲ့
ငါ့ဖေဖေ
အဲဒီ့နေ့က ပြန်မလာခဲ့ဘူး
မျှော်လိုက်ရတာ
ဖေဖေရယ်..
နောက်ရက်တွေမှာ ငါတို့အိမ်မှာ လူတွေစည်ကားနေတယ်.
ငါတို့
မောင်နှမသုံးယောက်ကို မေမေက ထွေးဖက်ထားလို့ သူ့အနားမှာ
နေနေစေတယ်.
လာတဲ့လူတိုင်းက မေမေ့ကို စကားတွေလာပြောကြတယ်.
အမျိုးသမီးကြီးတွေက
မေမေ့ကို လာပြီး အားပေးကြတယ်.
ငါတို့ မောင်နှမ သုံးယောက်ကို ကြည့်နေတဲ့
မျက်ဝန်းတွေမှာ
ကရုဏာငွေ့တွေ ယှက်သန်းနေခဲ့တယ်
ငါသိပ်တော့
မမှတ်မိခဲ့ပါဘူး
ငါသိတာတော့ အဲဒီ့နေ့က ဖေဖေ့ကို
ငါသိပ်လွမ်းနေခဲ့တယ်…
ဖေဖေရယ်..
ဘာလို့ သမီးတို့ကို
ထားခဲ့တာလဲဟင်…
ဖေဖေပျောက်ဆုံးသွားတဲ့ သမီးတို့ အိမ်ကြီးမှာ
ခြောက်ကပ်သွားတာပဲ.
သမီးတို့ရှေ့မှာ တည်ငြိမ်စွာနေတတ်ပေမယ့် ညအိပ်ရင် သမီးတို့
မသိအောင်
ကြိတ်ငိုနေတဲ့ မေ့မေ့ရဲ့ ရှိုက်သံတွေက သမီးရဲ့
ညပေါင်းများစွာကို
လွှမ်းမိုးနေခဲ့တယ်
ဖေဖေ
တကယ်ပြန်မလာခဲ့တော့ဘူးနော်…

Subscribe to:
Post Comments (Atom)

0 comments:
Post a Comment